ကန့်ဘလူ ဇွန် ၁၆
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် အရိပ်ရသစ်ပင်များနှင့် ရာသီဥတု ကောင်းမွန်လာစေရေးတို့အတွက် အထောက်အကူပြုနိုင်ရေး၊ အရိပ်အာဝါသနှင့် အပူဒဏ်လျော့ချနိုင်ရေးတို့အတွက်ရည်ရွယ်ကာ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်( ၂) ရပ်ကွက် အင်ကြင်းဥယာဥ်အတွင်း ဇွန် ၁၂ ရက်နံနက် ၇ နာရီခွဲကကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခေတ္တခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်မင်းထွန်း၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးေကာ်မတီဥက္ကဌ ဦးကျော်ခိုင်ဦး၊ မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ဦးထွန်းနောင်နှင့် တာဝန်ရှိသူတို့ကတက်ရောက်လာသော ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများထံသို့ စိုက်ပျိုး မည့်ပျိုးပင်များ ပေးအပ်ကြသည်။
ထို့နောက်ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ဒေသခံပြည်သူများက အင်ကြင်းဥယာဥ်ဝန်းအတွင်း သတ်မှတ်နေရာအသီးသီးတွင် တပျော်တပါးစိုက်ပျိုးကြသည်။ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနကစီစဥ်ဆောင်ရွက်ခြင်းဖြစ်ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် ၁၀၀၊ ဗန်ဒါပင် ၁၀၀၊ တမာပင် ၃၀၀၊ သင်္ဘောတည်ပင် ၁၀၀၊ မယ်ဇလီပင် ၁၀၀ စုစုပေါင်း ၇၀၀ ကိုစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)