ကံမမြို့ အခြေခံပညာမူလတန်းကျောင်း (မြို့မ) ၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြော

ကံမ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ် (၂) ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း (မြို့မ) ၌ ယနေ့ နံနက် (၉) နာရီက ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းကြူနှင့် လက်ထောက်ကျန်းမာရေးမှူး ဒေါ်အေးစုခိုင်တို့က ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများအကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်းတို့အား အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္က ဒေါ်သင်းနေခြည်အေးက ကျန်းမာရေးသိကောင်းစရာများအား ပြောကြားခဲ့ပြီး သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာသဉ္ဇာထွန်းက သွားနှင့် ခံတွင်းကျန်းမာရေးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။ ထို့အပြင် ကျောင်းသား ကျောင်းသူ (၂၁၂) ဦးအား မျက်စိအမြင်အာရုံစစ်ဆေးပေးခြင်း၊ သွားနှင့် ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်းများအား ပြုလုပ်ပေးပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများအား ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)