ဝက်လက် ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ခေါတောကျေးရွာတွင် စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သော ကိုက်လံအဖြူ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု စာဝတ်နေရေး အဆင်ပြေကာ အပိုဝင်ငွေများ ရရှိကြောင်း သိရသည်။
ကိုက်လံအဖြူစတင်စိုက်ပျိုးတော့မည်ဆိုလျှင် ထယ်ရေးကို မြေများမွလာသည်အထိ ညက်အောင်ထွန်ရကြောင်း၊ ကိုက်လံအဖြူ မျိုစေ့ကို ပျိုးခုံပေါ်တွင် ပျိုးထောင်ပြီး ၁၅ ရက်သား အရွယ်တွင် ပျိုးပင်ကလေးများကို အတန်းလိုက်ချကာ စိုက်ရကြောင်း၊ စိုက်ပြီး ၁ လအကြာတွင် ချိုးယူရောင်းချရကြောင်း၊ မြေသြဇာအဖြစ် မြေဆီ ၁ လုံး ကို ၅၀၀၀ ကျပ်ဖြင့်ဝယ်ယူကာ တစ်ဧကလျှင် ၄ လုံးခန့်ပတ်ဖျန်းပေးရကြောင်း၊ ဆောင်းရာသီ ဖြစ်သောကြောင့် ၂ ရက်ခြားလျှင် တစ်ခါ ရေလောင်းပေးရကြောင်း၊ ရေးလောင်းပေးရာတွင်မော်တာကို အသုံးပြုသောကြောင့် လျှပ်စစ်မီတာခ အဖြစ် ၁ လ ကိုကျပ် ၁၅၀၀၀ ခန့် ကုန်ကြကြောင်း၊ ကိုက်လံအဖြူ တစ်ဧကခွဲ စိုက်ပျိုးထားရှိရာ အရင်းနီးမှာ ကျပ် ၃ သိန်းခန့် ကုန်ကြကြောင်း၊ အလုပ်သမားမငှါးဘဲ မိသားစုဝင် ၄ ဦး၏ လုပ်အားဖြင့်သာ စိုက်ပျိုးကြောင်းသိရသည်။
ဝက်လက်မြို့သို့ သွားရောက်ကာနေ့စဉ် ရောင်းချရာတွင်လည်း ထန်းရွက်လျှော်ဖြင့်စည်း၍ အပင်ကြီးလျှင် ၁ ပင်ကို ၂၀၀ ကျပ်ဖြင့် ရောင်ရပြီး၊ အပင်သေးလျှင် ၂ ပင်ကို ၂၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း၊ တစ်ရက်ကို ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိနေ့စဥ် ပုံမှန်ဝင်ငွေရရှိကာ ၆ လ အတွင်း ကုန်ကျစရိတ်နှုတ်ပြီး ကျပ်၂၅ သိန်းခန့် အမြတ်ငွေ ရှိကြောင်း ကိုက်လံအဖြူ စိုက်ပျိုးထားသူ ခေါတောကျေးရွာနေ ဒေါ်ညိမ်းချမ်း ၏ ပြောကြားချက်အရ သိရှိရပါသည်။
စိုးစိုးလှိုင်(ဝက်လက်)