ရွာသစ်မြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ အသိပညာပေး

ရွာသစ် ဇန်နဝါရီ ၂၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ အသိပညာ ပေးဆွေးနွေးပွဲကို ယမန်နေ့ညနေ ၅နာရီ အချိန်တွင် မြောက်ပိုင်းရပ်ကွက် စတုမာလာဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ရွာသစ် နယ်မြေစခန်းမှူး ရဲအုပ် ‌ဇော်နိုင်လင်းမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပါ အကြောင်း အရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ အကြောင်းအရာများ ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်များ၊ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆) အကြောင်းအရာများကို တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊  အုပ်ချုပ်ရေးမှူးများက အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် တောင်ပိုင်းရပ်ကွက်တွင်လည်း ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ အသိပညာ ပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။    

နန်းဆွေဆွေ‌အေး (ပြန်/ဆက်)