ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့နယ်အတွင်း အမှိုက်သိမ်းဆည်းခြင်းနှင့် အမှိုက်ပုံစီမံခန့်ခွဲခြင်းလုပ်ငန်းများအတွက် စီမံလျာထားမှုများအား ရှင်းလင်းတင်ပြသည့် အစည်းအဝေးတက်ရောက်

ပုသိမ်          ဇွန်         ၁၆

ပုသိမ်မြို့နယ်အတွင်း အမှိုက်သိမ်းဆည်းခြင်းနှင့် အမှိုက်ပုံစီမံခန့်ခွဲခြင်းလုပ်ငန်းများအတွက် စီမံလျာထားမှုများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဇွန်လ(၁၄) ရက်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

ဦးစွာ ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက အမှိုက်များအမျိုးအစားခွဲခြားခြင်း၊ အမှိုက်မှ စွမ်းအင်ထုတ် လုပ်ခြင်း၊ အမှိုက်မှမြေဩဇာထုတ်လုပ်ခြင်း၊ ပညာပေးလုပ်ငန်းများ ဖော်ဆောင် လုပ်ကိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကာကွယ်ရေး၊  ရပ်ကွက်အလိုက် အမှိုက်သိမ်းဆည်း မည့်အစီအစဉ်များရှင်းလင်းတင်ပြမှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ဌာနများ၏ အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က“လက်ရှိ စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသောအမှိုက်သိမ်းစနစ်များကို လေ့လာသိရှိထားရန် လိုပါကြောင်း၊ အမှိုက်သိမ်းစနစ်လုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် အသေးစိတ်ပြန်လည် တင်ပြပေးစေလိုကြောင်း”ပြောကြားခဲ့သည်။

ထို့အတူ Rosewood Capital ကုမ္ပဏီလိမိတက်မှ ပုသိမ်မြို့တွင် Waste To Energy လုပ်ငန်း၊ လျှပ်စစ် Bus နှင့် လုပ်ငန်းသုံးယာဉ်များ ထုတ်လုပ်ရေးလုပ်ငန်းအတွက် စီမံလျာထားမှုများအား ရှင်းလင်း တင်ပြသည့် အစည်းအဝေးကို ဆက်လက်ပြုလုပ်ရာ စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ၊ လျှပ်စစ်ယာဉ်(EV)ထုတ်လုပ်မှု စီမံကိန်း၊ တိုးချဲ့ ထုတ်လုပ်မည့် ယာဉ်အမျိုးအစားများ၊ မြေနေရာနှင့်စက်ရုံတည်ဆောက်ရန်လိုအပ်ချက်၊ တိုင်းဒေသကြီးအတွက် အကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများ၏ အထွေထွေဆွေးနွေး တင်ပြများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က“စွန့်ပစ်အမှိုက်များအား လျှပ်စစ်ထုတ်လုပ်နိုင်ပါကများစွာအကျိုးရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ယာဉ်(EV) ထုတ်လုပ်ရာတွင်စက်မှုဇုန်တွင်ဆောင်ရွက်နိုင်ပါက ပိုမိုအဆင်ပြေမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန်လည်း လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပါကြောင်း၊ လုပ်ငန်းသစ်များပေါ် ပေါက်လာ မည်ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်း များလည်း ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း”ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)