ကြံခင်း ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က ကြံခင်းကြိုးဝိုင်း၊ ကွင်းအမှတ် (၅၀)၊ ပုသိမ်-မုံရွာကားလမ်းဘေး၊ မိုင်တိုင်အမှတ် (၁၀၁/၆)၊ ၀ ဒဿမ ၆ ဧကတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ဒေသခံပြည်သူများ စုစုပေါင်း ၁၆၀ ဦးခန့် တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က ကြံခင်းမြို့နယ်အတွင်း သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရေးနှင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့ကို အမြော်အမြင်ကြီးစွာ ဆောင်ရွက်ကြဖို့နဲ့ အနာဂတ်မျိုးဆက်သစ် များအတွက် သစ်ပင်သစ်တောများဖြင့် ပိုမိုစိမ်းလန်းစိုပြည်သော၊ ကျန်းမာသော၊ ပျော်ရွှင်ဖွယ်ကောင်း သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသော၊ သန့်ရှင်းကောင်းမွန်သော မြို့ပြများဖြစ်စေပြီး ဇီဝမျိုးစုံ ထိန်းသိမ်းဖို့၊ လောင်စာစွမ်းအင်ရရှိဖို့၊ ရာသီဥတုမျှတဖို့အတွက် လူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးပွဲ များတွင် ပူးပေါင်းပါဝင် စိုက်ပျိုးကြပါစို့ တိုက်တွန်းကာ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဘက်ရဲမြို့ အုပ်ချုပ်ရေးမှူးနှင့် ဘက်ရဲစခန်းမှူးတို့က ကျေးရွာအုပ်ချုပ်ရေးမှူး၊အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား အသီးသီးပေးအပ်ကြပြီး၊ သတ်မှတ်နေရာအသီးသီးတွင် တစ်ပျော်တစ်ပါး စိုက်ပျိုးကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း (၃၀၀) ပင်၊ ပျဉ်းကတိုး (၂၀၀) ပင်၊ မဟော်ဂနီ (၁၀၀) ပင်၊ ခရေ (၁၁၀)ပင်နှင့် ကံ့ကော် (၁၀၀) ပင် စုစုပေါင်း (၈၁၀) ပင်ကို စိုက်ပျိုးခဲ့ကြကြောင်းနှင့် ကြံခင်းမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် နိုင်ငံပိုင်စီးပွား(ကျွန်း)စိုက်ခင်း (၃၀၀)ဧကတွင် (၁၉၄,၄၀၀)ပင်၊ ရေဝေရေလဲစိုက်ခင်း(၅၀)ဧကတွင် (၁၀,၀၀၀)ပင်၊ ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း(၂)ဧကတွင် (၄၀၀)ပင်၊ တစ်ရွာ ၂ ဧကစိုက်ပျိုးခြင်းတွင် (၂,၄၂၀)ပင်၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း(၁၀)ဧကတွင် (၂,၃၂၈)ပင် စုစုပေါင်းပျိုပင် (၂၀၉,၅၄၈)ပင် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာမှူးရုံးမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)