အင်းတော်မြို့နယ်တွင် ဆောင်းသီးနှံ(မြေပဲ) သီးထပ်စိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေး

အင်းတော် ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မြို့မနည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေအတွင်းရှိ နန့်ခင့်ကျေးရွာ အုပ်စု၊ အင်းရွာကျေးရွာ တောင်သူဦးချစ်ဖေ၊ ကွင်းအမှတ်-၁၀၃၅၏ လယ်မြေတွင် သီးထပ်စိုက်ပျိုးထားသော ဆောင်းသီးနှံ (မြေပဲ) စိုက်ခင်းအား ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့က အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်ခိုင်နှင့် ဝန်ထမ်းများ မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ လယ်မြေ၊ ယာမြေများ အတွင်းတွင် သီးထပ်၊ သီးညှပ် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေများတိုးလာအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စိုက်ခင်းများအတွင်း ဓာတုပိုးသတ်ဆေး အစား၊ သဘာဝပိုးသတ်ဆေး၊ သဘာဝ ပိုးနှင်ဆေးနှင့် သဘာဝ ဓာတ်မြေဩဇာများကို အသုံးပြုရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်နိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်များ၊ အထွက်တိုးမျိုးများကို စိုက်ပျိုး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့် နည်းပညာအခက်အခဲများရှိပါက မြိုနယ်စိုက်ပျိုးရေး ဦးစီးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံ နိုင်ပါကြောင်း၊ ခေတ်မီစိုက်ပျိုးနည်း စနစ်များကို လေ့လာရန် သက်ဆိုင်ရာ နည်းပညာ ပေးစင်တာနယ်မြေအတွင်းရှိ တာဝန်ခံများနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အင်းတော်မြို့နယ်အနေဖြင့် ယခုဇန်နဝါရီလ (၂၁) ရက်နေ့ အချိန်ထိ ဆောင်းသီးနှံစုံဧကငါးသောင်းခွဲကျော် စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ပါကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှူး ဦးသိန်ခိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

ခန့်ဇော်ပိုင်(ပြန်/ဆက်)