ကျောင်းသားလူငယ်များ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန် စာဖတ်ဝိုင်းပြုလုပ်

လိပ်သို ဇွန် ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော “ဦးလည်မသုန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာဖတ်ခြင်းဖြင့် အသိအလိမ္မာတိုးပွားစေနိုင်ပြီး အမှားအမှန်ကို မိမိကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းရှိသော အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန်လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် ကျောင်းသား/ကျောင်းသူလူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Grade-10 ကျောင်းသား စောပိုင်စိုးက “ အကျင့်ကောင်းအရေးကြီးကြောင်း " ခေါင်းစဉ်အောက်မှ စာမှန်မှန်ဖတ်သောသူများသည် ဘဝကိုတစ်စတစ်စ တိုးတက်ကောင်းမွန်အောင် ပြောင်းလဲနိုင်ကြစမြဲဖြစ်ကြောင်း၊ စာမဖတ်သောသူမှာ အသက်မွေးဝမ်းကျောင်း ဘာပဲလုပ်လုပ် ကြီးပွားတိုးတက်လောက်အောင် အမြော်အမြင်၊ အကြံကောင်းဉာဏ်ကောင်း မရနိုင်ကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “ဦးလည်မသုန်” စာအုပ်အား ဖတ်ရှုခြင်းဖြင့် အောင်မြင်မှုရရှိဖို့နှင့် လှပသောအနာဂတ်ရရှိဖို့အတွက် လုပ်ဆောင်သင့်တဲ့ အခြေခံသဘောတရားများကို လေ့လာနိုင်မှာဖြစ်ကြောင်း သိရသည်။

နော်ဖလောရင်း