ချောက် ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာ့အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၂) ကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ချောက်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်းက အမျိုးသမီးရေးရာမဂ္ဂဇင်း၊ ဆောင်ပါးရှင် လှကွန်းနိုင် (ရွှေမြင်တင်) ရေးသားသည့် ဟိရိဩတ္တပ္ပဆောင်းပါးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောရာတွင် လူမျိုး၊ ဘာသာ၊ လူတန်းစားမရွေး၊ ဆင်းရဲချမ်းသာမရွေး စောင့်ထိန်းပါက လောကတွင်လည်းကောင်း၊ သံသရာတွင်လည်းကောင်း၊ ကောင်းကျိုးချမ်းသာများ ရရှိခံစားနိုင်သဖြင့် လိုက်နာစောင့်ထိန်းကြရမည်ဖြစ်ကြောင်း၊ အ.ထ.က (၂) ကျောင်း၊ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးကြူက စည်းကမ်းလိုက်နာဘေးကင်းကွာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိ ဒေါ်ဝင်းအိမွန်က အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး လူငယ်များအနေဖြင့် ငယ်စဉ်ကပင် ဆရာ၊ ဆရာမ၊မိဘတို့၏ အဆိုအဆုံးမများကို လိုက်နာ၍ မိမိတို့၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာတို့ကို အလေးထားဆောင်ရွက်သွားကြရန် အသီးသီးရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ချောက်ခရိုင်/ မြို့နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အ.ထ.က (၂) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသူများ၊ စုစုပေါင်း (၂၇၉) ဦး တက်ရောက်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)