တောင်တွင်းကြီး ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို အထောက်အပံ့ဖြစ်စေရန်၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှုလျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင်ချစ်ခင်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဇွန်လ ၁၃ရက်နေ့ နံနက် (၇) နာရီခွဲအချိန်က တောင်တွင်းကြီးမြို့၊ ကံကြီးကုန်းကျေးရွာအုပ်စု၊ ပရပ်ကြယ်ကျေးရွာတိုက်နယ်ဆေးရုံဝန်းအတွင်း၌ (ပထမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ တောင်တွင်းကြီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးမြင့်သန်းကိုတို့က တက်ရောက်လာသော ဌာနဆိုင်ရာများထံသို့ စိုက်ပျိုးမည့် ပျိုးပင်များပေးအပ်ခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် တစ်ပြိုင်နက် စုပေါင်းစိုက်ပျိုးခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် တမာ(၁၀၀)ပင်၊ ကုက္ကိ (၅၀)ပင်၊ ဆီသပြေ(၅၀)ပင်၊ ယင်းမာ(၁၀၀)ပင်၊ ဖျောက်ဆိတ်(၅၀)ပင်၊ ပန်းမယ်ဇလီ(၁၀၀)ပင်၊ စိန်ပန်းပြာ(၅၀)ပင်စသည့် ပျိုးပင်ပေါင်း (၅၀၀)ကို ဆေးရုံဝန်းအတွင်း စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)