တောင်ငူမြို့ဟောင်း၊ ရှေးဟောင်းကျုံးအတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ပိတ်ဆို့နေမှုများ ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်

တောင်ငူ ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ကေတုမတီ တောင်ငူမြို့ဟောင်း တောင်ငူခေတ်ရှေးဟောင်း ယဥ်ကျေးမှုအမွေအနှစ်များ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရှေးဟောင်းကျုံးအတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ပိတ်ဆို့နေမှုများ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးထွန်းထွန်းဦး၊ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက တောင်ငူမြို့၊ ဘူတာလမ်း၊ ပုန်းညက်တံခါး၊ တောင်ဘက်ကျုံးအတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ပိတ်ဆို့နေမှုများ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာသို့ လာရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဆောင်ရွက်ပေးသည်။ ဒုတိယမြန်မာနိုင်ငံတော် တောင်ငူမင်းဆက်များ၏ မြို့ရိုး၊ မြို့ဝင်ပေါက်တံခါးများ၊ ရေကျုံး၊ နွံကျုံး၊ နန်းတော်ရာနှင့် ရှေးဟောင်းစေတီပုထိုးများကို စနစ်တကျ ပြန်လည်တူးဖော်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တောင်ငူမြို့ဟောင်း၊ ရှေးဟောင်းကျုံးအတွင်းရှိ သောင်များတူးဖော်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ပိတ်ဆို့နေမှုများ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)