တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီး ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမြတ်က လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်၊ နွေရာသီအားလပ်ရက်များ၌ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ကြစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပရာ တက်ရောက်လာကြသည့် သားငယ်သမီးငယ်များက မိမိတို့ဖတ်ရှုလေ့လာထားသည့် ပုံပြင်ခေါင်းစဉ်များဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင်ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)