ဒိုက်ဦးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာစီစာကုံးနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဒိုက်ဦး ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒိုက်ဦးမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဦးဖြိုးဝေစံဦးက အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိပြီး စာဖတ်သော အလေ့အကျင့်ကောင်းများ ရှင်သန်လာစေရန် ရည်ရွယ်၍ ရုံးချုပ်မှပေးပို့သော သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ တက်ရောက်လာသော ကျောင်းသား/ သူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ စာစီစာကုံးနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပရာ ဘလုတ်မူလွန်ကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၂၅) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

စိုးထက်ကျော် (ပြန်/ဆက်)