ညောင်လေးပင် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.လ.က (ခွဲ) သမစိတ္တကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် အ.လ.က (ခွဲ) သမစိတ္တကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကို ဖတ်ကြရန်နှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အဖြစ် ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား အသိပညာ ဗဟုသုတရရှိစေမည့် စာအုပ်/ စာစောင်များကို ဖတ်ရှုစေခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူငယ်ရေးရာအသိပညာပေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)