ရေနံချောင်း ဇွန် ၁၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းကာ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုချိုနွယ်တို့က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းစိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး သင်တန်းဆက်လက်ပို့ချရာ မှိုစိုက်ပျိုးရာတွင် မှိုမျိုးစေ့ရွေးချယ်နည်း၊ မှိုစိုက်ပျိုးရန် ကုန်ကြမ်းပြင်ဆင်နည်း၊ မှိုအိတ်ထုပ်ပြုလုပ်နည်း၊ မှိုစိုက်ပျိုးထိန်းသိမ်းနည်းနှင့် ဈေးကွက်သို့တင်ပို့ရောင်းချနိုင်သည်အထိ မှိုစိုက်ပျိုးရေး ဆိုင်ရာနည်းလမ်းများကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာအုပ်စု (၅)အုပ်စုမှ ဒေသခံများနှင့် စိတ်ပါဝင်စားသူပြည်သူများ စုစုပေါင်း သင်တန်းသား ၇၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး(ပြန်/ဆက်)