အောင်လံ ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် အောင်လံခရိုင် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အောင်လံမြို့၊ အ.ထ.က(၃) ရွှေရတုခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အောင်လံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဌေးဌေးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ၊ နောက်ခံသမိုင်းကြောင်းနှင့် လူမှုအဖွဲ့အစည်းအတွင်း အမျိုးသမီးများ၏အခန်းကဏ္ဍ၊ စွမ်းဆောင်ရည် မြှင့်တင်ပေးရန် လိုအပ်ချက်တွေကို အလေးထား ပြောကြားခဲ့သည်။
ထို့နောက် အသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်ဥပဒေရုံး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးမြင့်ဇံက "လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေအကြောင်း" ကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က "ကလေးအလုပ်သမားပပျောက်ရေး" ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း၊ အောင်လံမြို့မရဲစခန်းမှ ဒုရဲမှူး သိန်းနိုင်က "လူကုန်ကူးမှု တိုက်ဖျက်ရေးအသိပညာပေး" အကြောင်းအရာများကိုလည်းကောင်း သက်ဆိုင်ရာကဏ္ဍများအလိုက် အကျယ်တဝံ့ရှင်းလင်းဟောပြောခဲ့ကြသည်။ အဆိုပါ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)