ကယားပြည်နယ်ဝန်ကြီးချုပ် ကျောင်းပြင်ပရောက်ကလေးများ အတန်းကူးပြောင်း တက်ရောက်နိုင်ရန်အတွက် အရည်အချင်းစစ်စာမေးပွဲကျင်းပမှု ကြည့်ရှုအားပေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

လွိုင်ကော် ဇွန် ၁၆

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အတွင်းရှိ ကျောင်းပြင်ပရောက်ကလေးများ အတန်းကူးပြောင်းတက်ရောက်နိုင်ရန်အတွက် အရည်အချင်းစစ်စာမေးပွဲ Placement Test (အထူးအစီအစဉ်) များကို စာစစ်ဌာန (၅) ခုခွဲ၍ ကျင်းပနေမှုကို ယမန်နေ့နံနက်က သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး Grade-1 မှ Grade-8 ထိ ကျောင်းသား ကျောင်းသူများ အတန်းကူးပြောင်းတက်ရောက်နိုင်ရန်အတွက် အရည်အချင်းစစ်စာမေးပွဲ Placement Test (အထူးအစီအစဉ်) ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ထေးသမရပ်ကွက်ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်းသို့ သွားရောက်၍ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင်     ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) ကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများကို ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင်လည်း ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှု မှန်ကန်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရား ကင်းရှင်းစွာ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ မိမိတို့အစိုးရသည် ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရဖြစ်သည့်အတွက် ပြည်သူ့အကျိုးကို ရှေ့ရှု၍ တာဝန်ထမ်းဆောင်သွားရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ၊ ဌာနအလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီး ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်သွားမည့်အခြေအနေများကို ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)