ကျွန်းစု ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက တောင်သူပညာ ပေးဆွေးနွေးပွဲကို ယမန်နေ့ (၂)နာရီခွဲအချိန်က ကဘင်းချောင်း ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးခိုင်ထူးအောင်နှင့် ဒုတိယလက်ထောက်ဦးစီးမှူး ဦးမိုးကျော်တို့က စနစ်တကျ ရော်ဘာအစေး လှီးနည်း၊ ရော်ဘာအခြေခံမျိုး၊ ရော်ဘာပင်စည် ပုံသဏ္ဍာန်များ၊ ရော်ဘာအစေးလှီးစနစ်၊ ကောင်းမွန်သော အစေးလှီးစနစ်၊ အစေးမလှီးခင် ခြံကို ပြင်ဆင်မှုအခြေအနေ၊ အစေးလှီးရမည့်အပင် အရွယ်အစား၊ အစေးခြစ်ရန်အတွက် လိုအပ်သည့်ပစ္စည်းများ၊ အစေးလှီးကြောင်း အစောင်းဒီဂရီ သတ်မှတ်ခြင်း၊ အစေးလှီးအခေါက်ကုန်နှုန်း၏သတ်မှတ်ချက်၊ ရော်ဘာအစေး လှီးခြံတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရော်ဘာအစေးထွက်နှုန်းတိုးရန် လိုက်နာဆောင်ရွက် ရမည့်နည်းများကို ပညာပေးပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ရော်ဘာအစေးလှီးနည်း ပါဝင်သော လက်ကမ်းစာစာများ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ရော်ဘာခြံအတွင်း၌ စနစ်တကျ ရော်ဘာအစေးလှီးနည်းကို လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)