မကွေး ဇန်နဝါရီ ၂
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁)(ဒုတိယနေ့) ကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးလှသန်းတို့ တက်ရောက်ခဲ့ကြသည်။
လွှတ်တော်အထူးအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လုပ်ငန်း ဆောင်ရွက် ချက်နှင့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင် ဆိပ်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်မွန်အေးက လွှတ်တော်သို့ဖတ်ကြား တင်သွင်းခဲ့ပြီး ယင်းအစီရင် ခံစာနှင့် စပ်လျဉ်းပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၁)ဦးမှ အကြံပြုဆွေးနွေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်တို့၏ အကြံပြုဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လုပ်ငန်း ဆောင်ရွက်ချက်နှင့် စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘော ထားမှတ်ချက် အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဆွေးနွေးခဲ့မှုတို့အား လွှတ်တော်တွင် မှတ်တမ်း တင်ထားရှိမည်ဖြစ်ကြောင်းနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာအား အစိုးရအဖွဲ့သို့ ပေးပို့ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ (၅) နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက လည်းကောင်း၊ လူမှုရေးဝန်ကြီးဌာန၏ (၅) နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ဝန်ကြီး ဒေါက်တာ ခင်မောင်အေးကလည်းကောင်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ၏(၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ဝန်ကြီး ဦးမြင့်ဇော်မှ လည်းကောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၏ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ဝန်ကြီး ဦးဇော်မင်းကလည်းကောင်း လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ ယင်းအစီရင်ခံစာများအား လွှတ်တော်တွင် မှတ်တမ်း တင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁) ဒုတိယနေ့ကို မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ရပ်နားခဲ့ပြီး၊ တတိယနေ့အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)