ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ပေါက်ခေါင်းမြို့နယ်အတွင်းရှိ သမဝါယမစနစ်ဖြင့် စနစ်ကျသော စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ပေါက်ခေါင်း ဇွန် ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း သမဝါယမစနစ်ဖြင့် စနစ်ကျသော စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ရှေးဦစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက အဖွင့်အမှာစကားပြောကြားပြီး ဝက်တိုး၊ ဥသျှစ်ကုန်း၊ မြောက်မကွေ့၊ ငါးခူအိုင်၊ ဘန့်ပြင်၊ လေးကြီး၊ ထန်းတပင် စသည့်ကျေးရွာများမှ မိုးစပါးစိုက်တောင်သူများက စနစ်ကျသော စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် ဆွေးနွေးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို တစ်ဦးချင်းဆောင်ရွက်ရာတွင် လိုအပ်သည့် မျိုး၊ သွင်းအားစုများအတွက် ကုန်ကျစရိတ်ပိုမိုကုန်ကျနိုင်ကြောင်း၊ ဒါကြောင့် သမဝါယမစနစ်ဖြင့် တစ်ကွင်းတစ်ဆက်စပ်တည်းရှိသော လယ်ကွင်းများတွင် စုပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စုပေါင်းဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ စိုက်ပျိုးရေရရှိရေးတို့ကို သက်ဆိုင်ဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးမှာဖြစ်ပြီး တောင်သူများ၏ လိုအပ်ချက်များကိုလည်း ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှာဖြစ်ပါကြောင်း ဆွေးနွေးမှာကြားကာ ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စနစ်တကျလယ်ယာစိုက်ပျိုးရေး စုပေါင်းဆောင်ရွက်မည့် ဝက်တိုးကျေးရွာနှင့် ဥသျှစ်ကုန်းကျေးရွာတို့မှ တောင်သူများအား မျိုးနှင့် သွင်းအားစုများလည်းကောင်း၊ ဝက်တိုးကျေးရွာအပါအဝင် ကျေးရွာလေးရွာအတွက် ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village) ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းထောက်ပံ့ရန်ပုံငွေများကို ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကျေးရွာနေပြည်သူများအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူများ ပူးပေါင်းပါဝင်ပြီး ကိုယ်တိုင်တာဝန်ယူ စီမံဆောင်ရွက်ကြရန်နှင့် ကျေးရွာကော်မတီများမှ ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်ကြောင်းတို့ကို မှာကားခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)