ကော့သောင်း ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စာသင်ကျောင်းများ၊ လူနေအိမ်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းများကို ကော့သောင်းမြို့ပေါ်ရပ်ကွက်များ၊ ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများရှိ ရေစည်၊ ရေအိုးများအား ခြင်ပေါက်ပွားမှုရှိ/မရှိစစ်ဆေးခြင်း၊ ခြင်ပေါက်ဖွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေသိုလှောင်ကန်များ အဖုံးဖုံးအုပ်ရန်အသိပညာပေးခြင်း၊ သောက်ရေသုံးရေ ထည့်ထားသည့် ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများအား ခြင်မပေါက်ပွားအောင် လဲလှယ်ပြောင်းထည့်ခြင်း၊ စွန့်ပစ်တာယာဟောင်းများ၊ ဘူးခွံများမှရေများအား သွန်ပစ်ခြင်း၊ ရေမလှယ်နိုင်သည့် အုတ်ကန်များကို ရေစစ်ဖြစ်စစ်ထုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် စာသင်ကျောင်းခန်းများနှင့် ကျောင်းဝန်းအတွင်း ခြင်ဆေးဖျန်းခြင်းများစသည့် ကြိုတင် ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို ကော့သောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ရပ်ကွက်/ကျေးရွာများရှိ ကျေးလက်ကျန်းမာရေးဌာနခွဲမှဆရာ၊ဆရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ၊ ဆရာမများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)