ဘားအံမြို့နယ် ဆိုက်လောင်ထောင်ကျေးရွာ၌ စက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်

ဘားအံ  ဇွန် ၁၅

ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏  အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်တွင်ပါဝင်သည့်  အမျိုးသမီးများဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ဇွန် ၁၅ ရက် နံနက်၁၀ နာရီက ဘားအံမြို့နယ် ပေါ့ထော်ကျေးရွာအုပ်စု ဆိုက်လောင်ထောင်ကျေးရွာ၌ ကျင်းပသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများအား ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိသည့်အပြင်  မိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့်လည်း အသက်မွေးဝမ်းကျောင်းပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ သင်တန်းသုံးကုန်‌ကြမ်းပစ္စည်းများကို ပေးအပ်ချီးမြှင့်သည်။

အဆိုပါသင်တန်းကို သင်တန်းသူ(၁၁)ဦးဖြင့် ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၄ ရက်အထိ တစ်လကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်သင်တန်းကိုလည်း ထပ်မံဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်မည့် သင်တန်းသူ(၅)ဦးကို စိစစ်ရွေးချယ်၍ လုပ်ငန်းထူထောင်နိုင်ရန်လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)