ထားဝယ်ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့် 

ထားဝယ်    ဇွန် ၁၅

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်း အနားကိုယနေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ထားဝယ်ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းညွန့်က မီးသတ်တပ်ဖွဲ့ကို ပြည်သူလူထုအသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှတားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း သဘာဝဘေးအန္တရာယ်အပါအဝင် ရုတ်တရက်ဖြစ်ပွားတက်သော ဘေးအန္တရာယ်များကြုံတွေ့လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ပြီး ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန် ကြိုတင်မျှော်မှန်း၍ တိုင်းဒေသကြီး/ခရိုင်၊ မြို့နယ်များအလိုက် ယခုကဲ့သို့ ရှာဖွေကယ်ဆယ်ရေးသင်တန်းများဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလူမှုကူညီ​​ရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်းသင်တန်းသား ၅၀ အား တာဝန်ရှိသူများက ဇွန် ၂၆ ရက်အထိ  လေ့ကျင့်သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။

ငွေဇင်ယော်(ထားဝယ်)