ငွေဆောင် ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ငွေဆောင်) ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာအသင်းဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ “မြသီတာခန်းမ”၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး၊ ငွေဆောင်နယ်မြေရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အ.ထ.က(ငွေဆောင်) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား မိဘအုပ်ထိန်းသူများ စုံစုံလင်လင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ သိရှိလိုက်နာရမည့် ကျောင်းစည်းကမ်းချက်များ၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုများနှင့် ကျောင်းအကျိုးတော်ဆောင်နှင့် မိဘဆရာအသင်း ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ ပူးပေါင်းဆောင်ရွက်သွားရမည့် လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က(ငွေဆောင်)မှ အထက်တန်းပြဆရာမ ဒေါ်ခင်နွဲ့မှ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ကျောင်းစည်းကမ်းချက်များနှင့် စာမေးပွဲကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်တစ်ဦးနှင့် ကျောင်းကော်မတီဝင်တစ်ဦးတို့မှ ကျောင်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပက်သက်၍ အမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။
ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသားမိဘများနှင့်တာဝန်ရှိသူများက ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး အများသဘောတူညီချက်ဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် မိဘဆရာအသင်းကို စနစ်တကျ ရွေးချယ်ဖွဲ့စည်းခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်လင်းဦး