အရှေ့မော်တုန်းကျေးရွာ၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးဆွေးနွေး

တနင်္သာရီ-ဇန်နဝါရီလ၂၁

          တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာအုပ်စု၊ အ.ထ.က-မော် တုန်း ကျောင်းခန်းမအတွင်း ဇန်နဝါရီလ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေကိုပြင်ဆင်သည့် ဥပဒေ/နည်းဥပဒေအား အသိပေးရှင်းလင်းပွဲကို ကိုဗစ်ကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ သည်။

ယင်းအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇင်ထက်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ (လဝက)မှူး ဦးတင့်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ကြည်သိန်း၊ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ‌ဒေါ်သီသီခိုင်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင် အနောက်မော်တုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစန်းအေးနှင့် ဘန်းလမွတ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဦးအောင်ဇော်ဦး၊ ဇဝဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးမိုးနှင့်ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ်များအား ဧပြီလ(၁)ရက်နေ့မှစ၍ ရွေးချယ်ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် ရွေးချယ်ခြင်းလုပ်ငန်းစဉ်(Time Frame)ပါ ရပ်ကွက်/ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ရေးနှင့်ပတ်သက်သည့် စည်းကမ်းချက်များအတိုင်းဆောင်ရွက်နိုင်ရန်အတွက် လာရောက် အသိပေး ရှင်းလင်းရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇင်ထက်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ/နည်းဥပဒေအား ပြင်ဆင်သည့် ဥပဒေ/နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးပေးခဲ့ရာ အခမ်းအနားတက်ရောက်လာသူများက သိရှိလိုသည်များ မရှင်းလင်းသည်များ မေးမြန်းမှုများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးပေးကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)