တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ဆက်လက်ကျင်းပ

ဟားခါး ဇွန် ၁၅

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက တတိယအကြိမ် ချင်း ပြည်နယ်လွှတ်တော် သတ္တမနေ့စတင်ကျင်းပကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အစည်း အဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြု မှတ်တမ်း တင်သည်။

ထို့နောက် မေးခွန်းမေးမြန်းခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ဦးဆန်အုပ်မန်း ဟားခါးမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ် (၂) က ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် ဇွန်လမှစ၍ အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ပါ၍ ကျောင်းဝိုင်းနှင့်အနီးအနားရှိ ဖွင့်လှစ်ထားသော စားကုန်ဆိုင်များတွင် ကျန်းမာရေးနှင့် မကိုက်ညီသောအစားအစာများ သက်တမ်းကုန်နေသော မုန့်များ၊ အချိုရည်များနှင့် ဓာတုဆိုးဆေးပါဝင်နေတဲ့ အစားအစာများ ရောင်းချနေပြီး ကျောင်းနေကလေးများ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေပါသဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် FDA ဌာနတို့မှ စစ်ဆေးပေးနိုင်ရေး  အစီအစဉ် ရှိ/မရှိ သိရှိလိုသည့်မေးခွန်း၊ ဦးဒါးလ်လမ်းမုန် ကန်ပက်လက်မြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ် (၂) က ခိုင်ကမ်းမြို့၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (ဝေါင်မွာလ်)၏ ခြံစည်းရိုးကာရံပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသည့်မေးခွန်း၊ ဦးတင်ကာကျင်၊ တီးတိန်မြို့နယ် မဲဆန္ဒနယ်ကိုယ်စားလှယ်အမှတ်(၂)က တီးတိန်မြို့ပေါ်ရပ်ကွက်များအတွက် လဲလှယ်ထားသော ရေပိုက်များအနက် ကျန်ရှိနေသော ပိုက်များအား ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသည့် မေးခွန်းများကိုမေးမြန်းကြပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆက်စပ် မေးခွန်းများကိုမေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ဝင်  ပြည်နယ်ဝန်ကြီးများက ပြန်လည် ဖြေကြားခဲ့ကြသည်။

ယင်းနောက် ဦးဆန်အုပ်မန်း၊ ဟားခါးမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂) က ချင်းပြည်နယ်၊ မြို့တော်ဟားခါးမြို့တွင် ဝဥလွှာခြောက်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရ အစီအမံဖြင့် ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ချင်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း အဆိုပြုတင်သွင်းရာ ဦးတင်ကာကျင်၊ တီးတိန် မြို့နယ်မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂) က ဟားခါးမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ် အမှတ်(၂) ၏အဆိုပြုချက်အား ထောက်ခံဆွေးနွေးပြီးနောက် အဆိုတင်သွင်းချက်အား လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် အဆိုတင်သွင်းချက်နှင့်စပ်လျဉ်း၍ဆွေးနွေးရန် အတည်ပြုပြီး တတိယအကြိမ် ချင်းပြည်နယ် လွှတ်တော်ဒုတိယပုံမှန် အစည်းအဝေး သတ္တမနေ့ ရပ်နားခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)