ပခုက္ကူမြို့နယ်၌ Placement Test (အထူးအစီအစဉ်)တွင် ဝင်ရောက်ဖြေဆိုသူ ၁၄၂၁ဦးရှိ

ပခုက္ကူ ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင် ဆက်လက်သင်ယူခွင့်ရရှိရေးအတွက် Placement Test(အထူးအစီအစဉ်)ကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး စာစစ်ဌာန ၂ခုတွင် ကျင်းပရာ ဝင်ရောက်ဖြေဆိုသူ ၁၄၂၁ ဦးရှိကြောင်း သိရသည်။

ပခုက္ကူမြို့၌ Placement Test(အထူးအစီအစဉ်)ကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းအဆင့်နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်းအဆင့်စသည်ဖြင့် စာစစ်ဌာန ၂ခုသတ်မှတ်၍ ကျင်းပလျက်ရှိကြောင်း၊ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် Grade-1မှ Grade-5အထိ မူလတန်းအဆင့်တွင် စာရင်းပေးသွင်းထားသူ ၁၀၀၈ဦးအနက်  ၈၁၈ဦး၊ Grade-6မှ Grade-8အထိ အလယ် တန်းအဆင့်တွင် စာရင်းပေးသွင်းထားသူ ၁၃၀၆ဦးအနက် ၆၀၃ဦး၊ စုစုပေါင်းကျောင်းသား ကျောင်းသူ ၁၄၂၁ ဦး ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၈၅ဒသမ၅၅ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။

၂၀၂၁-၂၀၂၂ပညာသင်နှစ်မှစတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိပြီး ကျောင်းရပ်နားထားခဲ့ရသောကလေးများအတွက် ပညာအရည်အချင်းအရသော်လည်းကောင်း၊ အသက်အရွယ်အရသော်လည်းကောင်း သင့်လျော်ကိုက်ညီသည့် အခြေခံပညာကျောင်းများရှိ မူလတန်း၊ အလယ်တန်းတို့တွင် ပြန်လည်တက်ရောက်ခွင့်ရရှိနိုင်ရေး Placement Test (အထူးအစီအစဉ်)စာမေးပွဲကျင်းပပေးခြင်းဖြစ်ပြီး ဖြေဆိုခွင့်လျှောက်လွှာများကို မေလ ၂၂ ရက်မှ ဇွန်လ ၁၄ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)