ကြံခင်း ဇွန် ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ရက် (၁၀၀) စီမံချက်ဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေနေ့နံနက် ၁၀ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ပြုလုပ်ခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် များဖြစ်ကြသော ဦးအောင်ဆန်းဝင်း၊ မြို့နယ်စီမံကိန်းဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချိုမာဝင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးရဲနိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းမှ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်က သင်တန်းအဖွင့်ပွဲအမှာစကားပြောကြားရာတွင် ကြံခင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိ စေရေးအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်း(၁)ခု၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ (၂) ရွာနှင့် သက်မွေးသင်တန်းတစ်ခု ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်သော သင်တန်းမှာ မိမိတို့ ရပ်ရွာ၊ မြို့၊ ဒေသနှင့် ကိုက်ညီမှုရှိသည့်အတွက် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး ဝင်ငွေတိုးလုပ်ငန်းများကို ပိုမိုတွင်ကျယ်စွာဆောင်ရွက်လာနိုင် မည့် အကျိုးကျေးဇူးများစွာရရှိနိုင်မည် ဖြစ်ပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မူမူသင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးရဲနိုင်က သင်တန်းသူများအားအမျိုးသမီးကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးသူငယ်အလုပ်သမားပပျောက်ရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဟောပြောပြီးနောက် မြို့နယ်ဦးစီးမှူးဒေါ်မူမူသင်းက သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့သည်။ ယင်းနောက် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားတက်ရောက်လာကြသော တာဝန်ရှိသူများက သင်တန်းတွင် လက်တွေ့လုပ်ဆောင်ကြမည့် ပစ္စည်းများအား လှည့်လည်ကြည့်ရှုကာ သင်တန်းနည်းပြဆရာမက ရှင်းလင်းပြသပေးခဲ့သည်။
အဆိုပါသင်တန်းကို ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သစ်သီးရေခဲချောင်းပြုလုပ်နည်း၊ ဖျော်ရည်ဖျော်စပ်နည်း၊ နို့ပူတင်းပြုလုပ်နည်း၊ ရေခဲမုန့်ပြုလုပ်နည်းသင်တန်းတို့ကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)