ကော့ကရိတ်မြို့တွင် အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကော့ကရိတ် ဇွန် ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်စောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်း၍ အမျိုးသမီးများ၏အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက Community Centre ၌ ပြုလုပ်ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝါဝါနွယ်က အမျိုးသမီးများ၏ ကျန်းမာရေး၊ အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဉပဒေများ၊ လူကုန်ကူးမှုတားဆီးကာကွယ်နိုင်စေရေး၊ မိခင်နှင့်ရင်သွေးငယ်များ သက်ရှည်ကျန်းမာနိုင်စေရေး စသည့်အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းအေးမှ အမျိုးသမီးများဘဝ အေးချမ်းပျော်ရွှင်စေရေးအတွက် စာပေအသိပညာများ ကြွယ်ဝရန်လိုကြောင်း၊ စာမဖတ်သောသူသည် အကန်းနှင့်တူပါကြောင်း၊ မျက်စိဖြင့်စာမဖတ်ချင်တောင်နားဖြင့် စာဖတ်တတ်ရန်လိုပါကြောင်း၊ မိမိဘဝလမ်းကောင်းမွန်နိုင်စေရေး ဟောပြောပွဲများသို့ အချိန်ပေးတက်ရောက်ပေးရန်လိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)