ကြံခင်း ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြို့မရပ်ကွက်၊ စာချကျောင်းတိုက်၊ ဓမ္မရက္ခိတဓမ္မာရုံ တွင် ယမန်နေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ သတ္တမအကြိမ်မြောက် မြတ်ရတနာဓမ္မာစကူလ်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ စာချကျောင်းတိုက်ဆရာတော်၊ ဓမ္မစကူးလ် ကော်မတီ အကျိုးတော်ဆောင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ နည်းပြဆရာမ၊ ကျောင်းသား၊ ကျောင်းသူ များ၊ မိဘများတက်ရောက်ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မြတ်ရတနာ ဓမ္မစကူးလ်ကျောင်းတိုက် ဦးစီးနာယကဆရာတော် ဦးဝိစိတ္တကထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်က ဗုဒ္ဓသာသနာတော်နှင့် နိုင်ငံတော်အတွက် သားကောင်းရတနာ သမီးကောင်းရတနာများပေါ်ထွန်းလာပြီး ငြိမ်းချမ်းသာယာသောလူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်လာရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဩဝါဒမြွတ်ကြားပြီး၊ ဓမ္မစကူလ်းသင်ကြားရေးဆရာမကြီး ဒေါ်စန်းစန်းဌေးက ဓမ္မစကူလ်းဖောင်ဒေးရှင်း၏ ရည်မှန်း၊ ရည်ရွယ်ချက်၊ အဓိကလုပ်ငန်းစဉ်များအားလည်းကောင်း၊ သင်တန်းကာလအတွင်း လိုက်နာရမည့် စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် အဟာရအလှူရှင်များအား မြတ်ရတနာ ဓမ္မာစကူလ်း အကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးအောင်ရွှေက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကြသည်။
အခမ်းအနားသို့တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များနှင့် ကျောင်းသား၊ ကျောင်းသူ များအား အဟာရဒါနအလှူရှင်မိသားစုက မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းကြသည်။
အဆိုပါဓမ္မစကူလ်းသင်တန်းကို အပတ်စဉ် တနင်္ဂနွေနေ့များနှင့် ဝါတွင်းကာလများတွင် ဥပုသ်နေ့များတွင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူ ၁၅၁ ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း မြတ်ရတနာဓမ္မစကူးလ်ကော်မတီ ထံမှသိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)