မုံရွာမြို့၌ ရက် (၁၀၀) စီမံချက်အရ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် အသိပညာမြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မုံရွာ ဇွန် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ရက် (၁၀၀) စီမံချက်အရ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၂ ရက်နေ့က မုံရွာမြို့နယ်ပြည်သူ့‌ကျန်းမာရေးဝန်ထမ်းများနှင့် ဒုတိယဦးစီးမှူး (ကျန်းမာပညာ)များမှ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းနှင့်အတူ အသက်(၅)နှစ်အောက် ကလေးများအား ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ အဏုအာဟာရမှုန့်များဖြန့်ဝေခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို မုံရွာမြို့အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကွင်းဆင်းအဖွဲ့သည် ကလေးငယ်များအား ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွားမှု၊ သေဆုံးမှုတို့မှ ကာကွယ်ရန်၊ အာဟာရပြည့်ဝပြီး ကျန်းမာဖွံ့ဖြိုးသော ကလေးများဖြစ်လာစေရန်နှင့် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှု၊ သေဆုံးမှုတို့မှ ကာကွယ်နိုင်ရန်စသည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအကြောင်း၊ အာဟာရအကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါအဖွဲ့သည် မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ MEC မူလတန်းကြိုကျောင်းတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား မိုးရာသီတွင်ဖြစ်ပွားမှု မြင့်မားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါအကြောင်း၊ ကာကွယ်ရန်နည်းလမ်းများအကြောင်း၊ အဘိတ်ဆေးခတ်ခြင်းအကြောင်း အသိပညာပေး ဟောပြောကာ လက်တွေ့သရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)