နတ်မောက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

နတ်မောက် ဇွန်  ၁၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာ (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင် ဦးအရာရှိက ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်စေရန်၊  လစဉ်ဆောင်ရွက်ရသည့် အထိမ်းအမှတ်ပွဲများအား မမေ့လျော့စေရန်နှင့်  စာပေဖတ်ရှုလေ့လာမှု ပိုမိုအားကောင်းစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများအား အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  ​“မူးယစ်ကင်းစင်တို့ပြည်တစ်ခွင် သာယာလှပအနာဂတ်ဘဝ”ခေါင်းစဉ်ဖြင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) နှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ (တမာပင်) ကျောင်းတို့မှ ကျောင်းသားကျောင်းသူများ  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင်ဆုရရှိသူများအား ဇွန်လ (၂၆) ရက်နေ့ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း