တောင်ငူခရိုင် အားကစားခန်းမ၌ အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

တောင်ငူ ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ခရိုင်အားကစားခန်းမ၌ တောင်ငူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် NAN HTIKE YOGA CLUB တို့ပူးပေါင်း၍ (၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

ထိုသို့ ကျင်းပရာတွင် NAN HTIKE  YOGA CLUB မှ နည်းပြဆရာမများက သင်တန်းသူများအား ယောဂကျင့်စဥ်၏ သိသာထင်ရှားထူးခြားသော အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ကာယဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာများ တိုးတက်ဖြစ်ပေါ်စေရန် ယောဂကျင့်စဥ်များကို ဆောင်ရွက်ကြပြီး ယောဂအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ယောဂကျင့်စဥ်များသည် ယောကျ်ား၊ မိန်းမ၊ လူကြီး၊ လူငယ်မရွေး သက်သောင့်သက်သာ လေ့ကျင့်နိုင်ပြီး မိမိကိုယ်ကိုယ် စည်းစနစ်ကျနစွာ ထိန်းချုပ်တတ်စေခြင်းဖြင့် ဥပဓိရုပ်ကို အလိုလိုထိန်းချုပ်ပေးနိုင်ခြင်း၊ သဘာဝနည်းဖြင့် ရရှိနိုင်သော အစားအစာများကိုသာ စားသုံးလိုခြင်း၊ သွေးလည်ပတ်ခြင်းကို ထိန်းချုပ်ပေး၍ သွေးသန့်စင်မှုဖြစ်စေခြင်း၊ အစားခြေဖျက်ခြင်း လုပ်ငန်းကို အားကောင်းစေ၍ စွန့်ထုတ်မှုစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊ အသက်ရှူလမ်းကြောင်းကို ထိန်းချုပ်ကောင်းမွန်လာစေခြင်းကြောင့် ရောဂါပိုးမွှားများ ကာကွယ်ထိန်းချုပ်တိုက်ဖျက်ရန် သွေးကို အားပြည့်ကောင်းမွန်လာစေခြင်း၊ ခန္ဓာကိုယ်၏ အင်္ဂါရပ်များ၊ စနစ်များအားလုံး လုပ်ငန်းဆောင်ရွက်စေ၍ ကြွက်သားများအား အားအင်ပြည့်ဖြိုးလာစေခြင်း၊ အဆစ်အမြစ်များနှင့် ကျောရိုးကို ပျော့ပြောင်းစေ၍ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်လာစေပြီး အချိုးအစားကျန အင်အားပြည့်ဝကာ အသက်ရှည် နုပျိုလာစေခြင်း အကျိုးကျေးဇူးများရရှိစေကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)