ကြံခင်းမြို့၌ သမဝါယမအသင်းသား မိုးစပါးနှင့် မိုးမြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံ၍ အသိပညာပေး

ကြံခင်း ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် သမဝါယမဦးစီးဌာန၌ သမဝါယမအသင်းသား မိုးစပါးနှင့် မိုးမြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ယနေ့နံနက်ပိုင်းက အသိပညာပေးဟောပြောဆွေးနွေးပွဲကို အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသိန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာက သမဝါယမအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များ၊ မိုးစပါးစိုက်တောင်သူများနှင့် ဆီထွက်သီးနှံ မိုးမြေပဲစိုက် တောင်သူများအား သမဝါယမအသင်းသား စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားခဲ့သည်။ ထို့နောက်ဦးနေလင်းအောင် (စိုက်ပျိုးရေး နည်းပညာ)က တောင်သူများ၏ စိုက်ပျိုးရေးနည်းပညာ လိုအပ်ချက်၊ ဓာတ်မြေဩဇာ၊ ရွက်ဖြန်း အားဆေးသုံးစွဲမှု၊ သုံးစွဲပုံ၊ ဆိုးကျိုး၊ ကောင်းကျိုးစသည့်တို့ကို ရှင်းလင်းဟောပြောပြီး၊ တောင်သူ များက သိရှိလိုသည်များအား အသီးသီးမေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြသည်။

ယင်းနောက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေမည့် ရွက်ဖြန်းအားဆေးများအား စံပြစိုက်ပျိုးမည့် တောင်သူများထံ ပံ့ပိုးကူညီပေးခဲ့သည်။ အဆိုပါအသိပညာပေးပွဲသို့ ကြံခင်းမြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ အသင်းသား၊ အသင်းသူ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)