ဂန့်ဂေါမြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ရွေးချယ်ပွဲ ကျင်းပ

ဂန့်ဂေါ ဇွန် ၁၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ရွေးချယ်ပွဲအခမ်းအနားကို ဇွန် ၁၃ ရက်နေ့နံနက်(၉)နာရီအချိန်က ဂန့်ဂေါမြို့ မြစ်သာခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားတွင် ဂန့်ဂေါမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီများဖွဲ့စည်းရာတွင် ရွေးချယ်မှုဆိုင်ရာနည်းလမ်းများနှင့် ရွေးကောက်တင်မြှောက်မှုဆိုင်ရာနည်းလမ်းများ အမိန့်ကြော်ငြာစာအမှတ်(၄/၂၀၁၄)အပိုဒ် ၄ ပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌရွေးချယ်ခြင်းကို ဆက်လက်ကျင်းပရာ မြို့ပေါ်(၄)ရပ်ကွက်မှ မြို့နယ်စည်ပင်သာယာရေးကော်မတီအဆိုပြုခံ(၁၁)ဦးမှ တစ်ဦးချင်းဆန္ဒမဲထည့်၍ ရွေးချယ်ကြပြီး တာဝန်ရှိသူများက ဆန္ဒပြုမဲပုံးကိုဖွင့်ဖောက်ရေတွက်ရာ စည်ပင်သာယာရပ်ကွက်မှ ဦးသန်းထွဋ်အောင်က ဆန္ဒမဲ(၅)မဲဖြင့် ပထမ၊ ကျောတိုက် ရပ်ကွက်မှ ဦးကြင်ဆွေက ဆန္ဒမဲ(၄)မဲဖြင့် ဒုတိယ၊ ကျောတိုက်ရပ်ကွက်မှ ဦးခင်မောင်အေးက ဆန္ဒမဲ(၂)မဲဖြင့် တတိယ ရရှိခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဂန့်ဂေါမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ဆုရည်ဖြိုးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဆိုပြုခံ(၁၁)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မောင်မျိုးမင်း(ပြန်ဆက်)