နတ်မောက် ဇွန် ၁၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊မြေပဲနှင့်နေကြာများကို ဒေသခံတောင်သူများအနေဖြင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးကြသည့်အလျှောက် အဆိုပါဆီထွက်သီးနှံများကို ကြိတ်ခွဲပေးလျက်ရှိရာ တစ်နိုင်တစ်ပိုင်ဆီကြိတ်လုပ်ငန်းများဝင်ငွေကောင်း၍ မိသားစုလုပ်ငန်းအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ နတ်မောက်မြို့နယ်ဒေသခံတောင်သူတွေက ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊မြေပဲ၊ နေကြာတွေကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုလိုမိုးရာသီအချိန် ဆီထွက်သီးနှံများမပေါ်သေးသည့်အတွက် ပွဲစားများထံက မြေပဲ၊နှမ်းများဝယ်ယူ၍ ဆီးသန့်သန့်စားသုံးတဲ့ပြည်သူများကိုတော့ တစ်နိုင်တစ်ပိုင်ဆီကြိတ်ခွဲရောင်းချပေးပါတယ်။ မိမိမြေပဲ၊ နှမ်းနဲ့လာရောက်ကြိတ်ခွဲလျှင် လုပ်အားခအဖြစ် မြေပဲ၊နှမ်းတစ်တင်းလျှင် ငွေကျပ် (၁၅၀၀၀)နှုန်းယူပါတယ်။ မြေပဲဖတ်၊ နှမ်းဖတ်များကိုလည်းပြန်လည်ဝယ်ယူပေးပါတယ်၊ မိမိမြေပဲ၊ နှမ်းများဖြင့်လာရောက်ဆီကြိတ်တော့ ဆီသန့် သန့်စားရတဲ့အပြင် ကျန်းမာရေးအတွက်လည်းကောင်းပါတယ်၊ အခြားဆီရောင်းတဲ့ဆိုင်တွေမှာဆို နှမ်းဆီတစ်ပိဿာ(၁၈၀၀၀)ကျပ်နှုန်းနှင့် မြေပဲဆီတစ်ပိဿာကို (၂၂၀၀၀)ကျပ်နှုန်းပေးရသည့်အတွက် မိမိမြေပဲ၊နှမ်းကို ဆီကြိတ်စားရတော့ အပိုငွေလည်းမထွက်သည့်အပြင် ကျွန်တော့်တို့လို တစ်နိုင်တစ်ပိုင် မြေပဲဆီ၊ နှမ်းဆီကြိတ်ခွဲစက်ထောင်ထားတဲ့သူတွေလည်း လုပ်ငန်းများလုပ်ရတဲ့အတွက်ကြောင့် မိသားစုလုပ်ငန်းလည်ပတ်နိုင်သလိုဝင်ငွေလည်းရတာပေါ့ဗျာ”ဟု နတ်မောက်မြို့ပေါ်ရှိ မြို့မရပ်ကွက်နေ ဆီကြိတ်ခွဲစက်ပိုင်ရှင် တစ်ဦးကပြောသည်။
လှဝင်း