နတ်တလင်းမြို့တွင်း နေရာ (၃) နေရာတွင် အားကစားဆိုင်ရာ လေ့ကျင့်ခန်းသုံး ပစ္စည်းများ တပ်ဆင်ပေးထား

နတ်တလင်း   ဇန်နဝါရီ  ၂၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် ပြည်သူများ ကျန်းမာရေး အတွက် လေ့ကျင့်ကစားခြင်းများ ပြုလုပ် နိုင်ရန်အတွက် ကျန်းမာရေး လေ့ကျင့်ခန်းသုံး ပစ္စည်းများကို မြို့နယ်အတွင်းရှိ နေရာသုံးခုတွင် တပ်ဆင်ပေးထား ကြောင်း သိရသည်။

ကျန်းမာရေးသုံး ပစ္စည်းများကို နတ်တလင်းမြို့နယ် ရန်ကုန် ပြည်လမ်းရွှေလင်းခန်းမရှေ့ရှိ ဗိူလ်ချုပ် ပန်းခြံထဲတွင် လည်းကောင်း၊ ရန်ကုန် ပြည်လမ်း သမဝါယမဘဏ်ရှေ့နားတွင် လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ကန်ဘောင်ပေါ်တွင်လည်းကောင်း နေရာ (၃) နေရာခွဲ၍ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

နံနက်စောစော လမ်းလျှောက်သူများနှင့် ၇ နာရီ နောက်ပိုင်း အညောင်းအညာပြေ လမ်းလျှောက် ထွက်သူများတို့သည် အဆိုပါနေရာများတွင် လေ့ကျင့်ခန်းသုံး ပစ္စည်းများကို အသုံးပြု၍ လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

အပြင်ထွက်သူများသည် နှာခေါင်းစည်းများတပ်ဆင်၍ထွက်ကြသော်လည်း လေ့ကျင့်ခန်းပြုလုပ်သောအခါ နှာခေါင်းစည်း ခေတ္တချွတ်၍လေ့ကျင့်ပြီး ပြန်လည်ထွက်ခွာသည့်အခါ နှာခေါင်းစည်း တပ်ဆင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက် ကြကြောင်းသိရသည်။

ဝင်းမြင့် ( နတ်တလင်း)