ပွင့်ဖြူ ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ယမန်နေ့က ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား/ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရန် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့်ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် ရှောင်ကြဉ်ရမည့်နည်းလမ်းများ၊ အသိပညာဗဟုသုတတိုးပွားစေရန် အားလပ်ချိန်များ၌ သုတ/ရသစာအုပ်စာပေများကို လေ့ဖတ်ရှုကြရန်တို့ကို အသိပညာပေးဆွေးနွေး ဟောပြောသည်။
ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များအား ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစ်စားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )