မကွေး ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လမ်း/တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ဇွန် ၁၂ ရက်က မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းမိုးထိုက်သည် လွန်မြတ်ကန်ကျေးရွာအုပ်စု ကန်သစ်ကျေးရွာလုပ်ငန်းခွင်သို့ တာဝန်ရှိသူများနှင့် သွားရောက်ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းထွန်းဦးနှင့် မကွေးမြို့နယ် ဦးစီးအရာရှိ(မြို့ပြ)တို့က မကွေး-ရေနံချောင်းလမ်းမှ ကန်သစ်ကျေးရွာလမ်းပေါ်၌ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ် ၃၇.၅၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်ရေကျော်(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်(၂၆.၀၀)သန်းဖြင့် ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert (၂)စင်း တည်ဆောက်နေမှုနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် (၁၉.၀၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert (၁) စင်း တည်ဆောက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းမိုးထိုက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါလုပ်ငန်းများအား (၂.၆.၂၀၂၆)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပြီဖြစ်ပါ၍ ကျေးရွာ (၅)ရွာ၊ အိမ်ခြေ (၁၂၂၈)၊ လူဦးရေ (၅၆၇၈)ဦး တို့၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)