ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် အခမ်းအနား မြန်အောင်မြို့‌ မေတ္တာရှင်သွေးလှူအဖွဲ့က ကျင်းပ

 

မြန်အောင် ဇွန် ၁၄

၂၀၂၆ ခုနှစ် ဇွန်လ(၁၄)ရက် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို မေတ္တာရှင်သွေးလှူအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်က မြန်အောင်ခရိုင်၊ မြန်အောင်မြို့‌ ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြန်အောင်မြို့ မေတ္တာရှင်သွေးလှူအဖွဲ့၏ ဂုဏ်ထူးဆောင်နာယကကြီး ဦးတက်တိုးက ဂုဏ်ပြုအမှာစကား ပြောကြားပြီး မေတ္တာရှင်သွေးလှူအဖွဲ့ ဥက္ကဋ္ဌ ဦးငြိမ်းချမ်းညွှန့်က ၂၀၂၆ ခုနှစ် ဇွန်လ (၁၄) ရက် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် မေတ္တာရှင်သွေးလှူအဖွဲ့အကြောင်း ရှင်း လင်းပြောကြားသည်။

ဆက်လက်၍ သွေးအုပ်စုကြီးများအားရှာဖွေတွေ့ရှိခဲ့သူ နိုဗယ်ဆုရှင် ဒေါက်တာ Karl Landsteiner ၏ အထုပ္ပတ္တိအား အ.ထ.က(၁) မြန်အောင်Grade- 12 ကျောင်းသူ မသဲဆုမွန်က ဂုဏ်ပြုဖတ်ကြားပြီး ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် ဆရာဦးရွှေလှ (ရွှေလှ-မြန်အောင်) ရေးစပ်သီကုံးသည့် "မဟာလူသားသွေးလှူရှင်" ကဗျာကို ရွတ်ဖတ်ဂုဏ်ပြုခဲ့သည်။

ယင်းနောက် အ.ထ.က သခွတ်ကွင်း ကျောင်းအုပ်ဆရာကြီးက မြန်အောင်မြို့ မေတ္တာရှင် သွေးလှူအဖွဲ့အား အလှူငွေပေးအပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း(၃) ကြိမ်ပြည့်အောင် သွေးလှူဒါန်းခဲ့ကြသော သွေးလှူရှင်များနှင့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိခဲ့‌ကြသော ကျောင်းသား၊ကျောင်းသူများ၊ ဆရာ ဦးရွှေလှ(ရွှေလှ-မြန်အောင်) တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များကို မြန်အောင်မြို့ မေတ္တာရှင် သွေးလှူ အဖွဲ့၏ ဂုဏ်ထူးဆောင်နာယကကြီး ဦးတက်တိုးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး မေတ္တာရှင်သွေးလှူအဖွဲ့အတွင်းရေးမှူး ဦးသန်းကိုကိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ် ဇွန်လ (၁၄) ရက် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် မေတ္တာရှင်သွေးလှူအဖွဲ့မှ မြန်အောင်မြို့‌ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ရှိ စာချစာသင်သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား နေ့လယ်စာ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)