ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်နယ်ယဉ်ကျေးမှုပြတိုက်သို့ သွားရောက် ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဇွန် ၁၄

ကယားပြည်နယ်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်က လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်ရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းနှင့် ပြည်နယ်ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နာနတ်တောရပ်ကွက်သို့ သွားရောက်ပြီး အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည့် ကက်သလစ်ဘုရားရှိခိုးကျောင်း ဓမ္မာရုံအား ပြန်လည်ပြုပြင်ရန်လိုအပ်သည့်အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဘာသာရေးပွဲများနှင့် အခမ်းအနားများပြန်လည်ကျင်းပနိုင်ရေးအတွက် အမြန်ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် နာနတ်တော ကက်သလစ်ဘုရားကျောင်းဆရာတော်နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ဘုရားကျောင်းနှင့်ရပ်ကွက်တွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများသောက်သုံးရေလုံလောက်စွာရရှိရေး ဆောင်ရွက်ပေးရန်တာဝန်ရှိသူများအားမှာကြားကာ ဘုရားကျောင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကယားပြည်နယ် ယဉ်ကျေးမှုပြတိုက်သို့သွားရောက်ပြီး ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ကယားတိုင်းရင်းသားမျိုးနွယ်စုတို့၏ ဝတ်စားဆင်ယင်မှုပြခန်း၊ အဆင်တန်ဆာပြခန်း၊  အသုံးအဆောင်ပစ္စည်းများပြခန်း၊ ရိုးရာနေထိုင်မှုအိမ်ပုံစံငယ်ပြခန်း၊  ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပြခန်းနှင့် ရည်ညွှန်းစာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို လည့်လည်ကြည့်ရှုစစ်ဆေးရာ ပြတိုက်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြတိုက်အတွင်း ထိခိုက်ပျက်စီးပျောက်ဆုံးခဲ့သည့် ဒြပ်ရှိဒြပ်မဲ့ပစ္စည်းများ ပြည့်စုံစွာပြန်လည်ဖြည့်တင်းပြီး စနစ်တကျခင်းကျင်းပြသနိုင်ရေးနှင့် အများပြည်သူနှင့် ကျောင်းသား၊ကျောင်းသူများ လာရောက်လေ့လာနိုင်ရေး စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ၂၀၂၆-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အုတ်ရေကန်နှင့် နှစ်ခန်းတွဲဝန်ထမ်းအိမ်ရာ (၃၀ပေ x ၆၀ ပေ) ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် စံချိန်စံညွှန်းပြည့်မီစေရေး ကြီးကြပ်ဆောင်ရွက်သွားရန်တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်/ပြန်ဆက်