လွိုင်ကော် ဇွန် ၁၄
ကယားပြည်နယ် ၂၀၂၆ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ကန္ဒရဝတီဂေါက်ကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအတွက် ပျိုးပင်များအား ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များထံ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အထိမ်းအမှတ် သစ်ပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးခဲ့ကြပြီး ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူများ၏ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထေးငှားလျားရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး သာသနာတော် ဆိုင်ရာများ မေးမြန်းလျှောက်ထားကာ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထေးငှားလျားရပ်ကွက်သို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် နေရပ်ပြန်ပြည်သူများနှင့် တွေ့ဆုံကာ နေရပ်ပြန်မိသားစု ၄၂ စုအတွက် လက်တလော နေထိုင်စားသောက်မှု အဆင်ပြေစေရေး ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်သည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရပ်ကွက်အတွင်း ပြန်လည် နေထိုင်ကြသည့် ပြည်သူများ၏ လုံခြုံရေး၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့သက်ဆိုင်ရာ ရပ်ကွက်များအတွင်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အေးချမ်းစွာ နေထိုင်သွားကြရန် မှာကြားလိုကြောင်း၊ ထို့အပြင် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့၏ မူလအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ပြည်သူများက အခက်အခဲများ၊ ဖြည့်ဆည်းပေးရန် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ပြောကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထေးသမရပ်ကွက် ချိကယ်ကန္ဒရဝတီဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကာ ကျောင်းထိုင်ဆရာတော်အား ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ကန္ဒရဝတီဘုန်းတော်ကြီးကျောင်းတွင် ယာယီနေထိုင်၍ ကျောင်းတက်ရောက် လျက်ရှိသည့် ဒေါတချား(ကယား)နှင့် ဒေါတချား(ပအိုဝ့်) ကျေးရွာမှ ကျောင်းသားကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ဆန်၊ ဆီနှင့် စားသောက်စရိတ်များ ပေးအပ်ခဲ့ပြီး ကျောင်းဝင်း အတွင်း ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် အိပ်ဆောင်များ ပြင်ဆင်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကလေးငယ်များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန် ရပ်ရွာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)