ကော့သောင်း ဇွန် ၁၄
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကော့သောင်းမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ ဟောပြောပွဲနှင့် ကွင်းဆင်းဆေးကုသမှုခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ (၇) မိုင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကော့သောင်းမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်ဦးက "တိုင်းရင်းဆေးပညာ၏ အဓိပ္ပာယ်နှင့် တိုင်းရင်းဆေး၏ သဘောသဘာဝများကို ရှင်းလင်းပြောကြားပြီး ရာသီအလိုက် ဖြစ်တတ်သော ရောဂါများ၊ ရောဂါဖြစ်ရခြင်းအကြောင်း၊ ရောဂါမဖြစ်အောင် ပြုမှုနေထိုင်ရမည့်အချက်များ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ အမျိုးသမီးများတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများ၊ ရှောင်ရန်၊ ဆောင်ရန်များနှင့် နေထိုင်စားသောက်မှု အလေ့အကျင့်ကောင်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၏ ကျန်းမာရေးဆိုင်ရာ အသုံးဝင်ပုံများနှင့် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ ဗဟုသုတဖြစ်ဖွယ်များအား ဟောပြောခဲ့ပြီး (၇)မိုင် ကျေးရွာနေ ပြည်သူများ၊ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်၍ ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဟောပြောပွဲနှင့် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ရာတွင် ကော့သောင်းခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)