ငဖဲမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပ

ငဖဲ ဇွန် ၁၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း Public Talk ကို ယနေ့နေ့လယ် ၁ နာရီက ပေါင်းကလေးကျေးရွာဓမ္မာရုံတွင် ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်းနှင့် ဦးသောင်းဝင်းတို့က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက ပညာရေးကဏ္ဍ၊ နိုင်ငံသားစိစစ်ရေးကတ် အိမ်ထောင်စုဇယား ပြုလုပ်နိုင်ရေး၊  စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး၊  လယ်ယာမြေလုပ်ပိုင်ခွင့်ပြုမိန့် ပုံစံ-၇ လျှောက်ထားရေးဆိုင်ရာကိစ္စများနှင့် လယ်ယာမြေအခြားနည်းသုံးစွဲခွင့် သိကောင်းစရာများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျွဲနွားတိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုနှင့် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးပေးရေးဆိုင်ရာတို့ကို ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက လမ်းပန်းဆက်သွယ်ရေး၊ ကျောင်းဆောင်သစ်ရရှိရေး၊ စိုက်ပျိုးရေရရှိရေးနှင့် ကုန်ထုတ်လမ်းဆိုင်ရာ သိရှိလိုသည်များကို တင်ပြဆွေးနွေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပေါင်းကလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ ၁၀၀ ဦး တက်ရောက်ကြကြောင်း သိရသည်။

မယု(ငဖဲ)