ဘားအံ ဇွန် ၁၄
ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ခရီးစဉ်ဒေသများ၌ ခရီးသွားမိဘပြည်သူများ အနေဖြင့် စိတ်အေးချမ်းမြေ့စွာ လည်ပတ်သွားလာ အပန်းဖြေနိုင်စေရေးအတွက် သန့်ရှင်း သာယာလှပစေလိုသည့်ရည်ရွယ်ချက်များဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဇွန် ၁၃ ရက် နံနက်ပိုင်းက လုမ္ပနီဥယျာဉ်နှင့် ဇွဲကပင်တောင် အတက်အဆင်း လမ်းတစ်လျှောက်၌ ဆောင်ရွက်သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို သန့်ရှင်းသာယာလှပစေခြင်း၊ မြေဆီမြေလွှာ၊ ရေးအရင်းအမြစ်များနှင့် သစ်တောများကို အမှိုက်များကြောင့် ပျက်စီးမှုမဖြစ်ပေါ်စေခြင်း၊ တောရိုင်းတိရစ္ဆာန်များနှင့် အပင်များကို ကာကွယ်စေခြင်း၊ ခရီးသွားဧည့်သည်များအတွက် သန့်ရှင်းသောပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်ခြင်း၊ လူအများ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိစိတ်ဓာတ်ကို မြှင့်တင်ပေး နိုင်ခြင်း၊ ရေကြီးခြင်းမြေပြိုခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း၊ ထို့သို့စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၊ ဟိုတယ်နှင့် ခရီး သွားလုပ်ငန်း၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများနှင့်ဘားအံတောင်တက်အသင်း၊ ဘားအံအိမ်ခြံမြေအကျိုးဆောင်အဖွဲ့၊ ရတနာမိုးပုဂ္ဂလိကကျောင်း၊ ဇွဲကပင် ချစ်သူများအဖွဲ့၊ ကြက်ခြေနီအသင်းနှင့် မာဃလူမှုကူညီရေးအသင်း၊ စုစုပေါင်းလူဦးရေ ၄၀၀ ကျော်တို့က စုပေါင်းပြီး လုမ္ပနီဥယျာဉ်မှ စတင်၍ တောင်အတက်အအဆင်းလမ်းတစ်လျှောက်နှင့် ခလောက်နို့ဘက်အခြမ်းရှိ တောင်အတက်အဆင်း လမ်းတစ်လျှောက်နေရာများတွင် လိုက်လံကောက်ယူရှင်းလင်းခြင်း စနစ်တကျစွန့်ပစ်ခြင်းလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခြင်းနှင့် ခရီးသွားဧည့်သည်ပြည်သူများအား အမှိုက်စနစ်တကျစွန့်ပစ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဝေငှပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစယဉ်ဌေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးစောခေါင်ပန်ထော့တို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ် (ပြန်/ဆက်)