ပုသိမ် ဇွန် ၁၄
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို ယမန်နေ့ နံနက် (၁၀) နာရီက တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (ဆဋ္ဌမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူကြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၁)ဦး၏ ကြယ်ပွင့်ပြမေးခွန်း (၁၁) ခုအား သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ပြီး ငပုတောမြို့နယ် ကိုယ်စားလှယ် အမှတ်(၁)က အစည်းအဝေးတတိယနေ့တွင် တင်သွင်းခဲ့သည့် “အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောင်း(ခွဲ)များတွင် ဘာသာရပ်သင်ကျွမ်းကျင် ဆရာ/ဆရာမများ စိစစ်ခန့်ထားနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း” အဆိုအပေါ်ဆွေးနွေးရန် အမည်စာရင်း တင်သွင်းထားသည့် လွှတ်တော်ကိုယ်စား လှယ်(၅)ဦးက ဆွေးနွေးရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက ရှင်းလင်းဆွေးနွေး၍ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့သည်။ ဆက်လက်၍ ဇလွန်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁)က “ဧရာဝတီတိုင်းအစိုးရအနေဖြင့် တောင်သူလယ်သမားများ၏ အသိပညာ၊ အတတ်ပညာ၊ စိုက်ပျိုးနည်းပညာများ သင်ယူတတ်မြောက်စေရေး ကူညီဆောင်ရွက်နိုင်ရန်” အဆိုကိုတင်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ကာ ယင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်ကသဘောတူသဖြင့် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ကြေညာခဲ့ကာ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို ရပ်နားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)