တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီး MSME အေဂျင်စီနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး MSME အေဂျင်စီနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲအခမ်းအနားကို  ဇွန် ၁၂ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့သည်။

ဦးစွာ အသင်းအဖွဲ့များ၏ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်မှ အထူးအလေးထား ဆောင်ရွက်နေပြီး မိမိတို့တိုင်းဒေသကြီးတွင်လည်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ထိထိရောက်ရောက်ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်အတွက် လုပ်ငန်းရှင်များ၏ လိုအပ်ချက်ကို သိရှိနိုင်ရန်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့်တိုင်းဒေသကြီးဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိပါကြောင်း၊ မိမိတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကုန်ကြမ်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်၍ ပြည်တွင်းသာမက ပြည်ပသို့တင်ပို့နိုင်ရေး ဆောင်ရွက်ကြရန်လိုပါကြောင်း၊ MSME လုပ်ငန်းများတွင် အဟန့်အတားဖြစ်နေသည့် ကိစ္စရပ်များအား ကျော်လွှားနိုင်ရန်၊ ကျွမ်းကျင်လုပ်သားများ လိုအပ်ချက်ပြည့်မီအောင် လေ့ကျင့်ပျိုးထောင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်အတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းများပေးခြင်း၊ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများကျင်းပခြင်း၊ ချေးငွေများထုတ်ချေးပေးခြင်း၊ ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် MSME လုပ်ငန်းရှင်များကို ဒေသတွင်းအဆင့်ထုတ်ကုန်ပြပွဲများ၊ ဈေးပွဲတော်များကျင်းပပြုလုပ်ပေးခြင်း၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများတွင်ပါဝင်ပြသရောင်းချစေခြင်း၊ ဒီဂျစ်တယ်နည်းစနစ် အသုံးပြုမှုမြင့်မားလာစေရေးအတွက် ဒီဂျစ်တယ်နည်းပညာဆိုင်ရာသင်တန်းများဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းရှင်များက Export လိုင်စင်ရရှိရေး၊ ဥယျာဉ်ခြံမြေအား အခြားနည်းသုံးစွဲခွင့်ရရှိရေး၊ ကြိမ်ပင်များစိုက်ပျိုးနိုင်ရေးအတွက်မြေနေရာရရှိရေး၊ ကြိမ်လုပ်ငန်းအတွက်မှတ်ပုံတင်ရရှိရေး၊ ချေးငွေများရရှိနိုင်ရေး၊ ငါးရံ့ခြောက်လုပ်ငန်းအတွက်(FDA) လက်မှတ်ရရှိရေး၊ Drum Seeder များတောင်သူများလက်ဝယ်အရောက် ရောင်းချပေးနိုင်ရေးအတွက် လိုအပ်သည်များကူညီပံ့ပိုးပေးနိုင်ရေး၊ အသားစားကြက်ကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ရေးစသည့် လုပ်ငန်းလိုအပ်ချက်များတင်ပြမှုအပေါ်  ဌာနဆိုင်ရာများပြန်လည်ရှင်းလင်း၍ MSME အေဂျင်စီဥက္ကဋ္ဌ၊ စည်ပင်သာယာရေးဝန်ကြီးက သုံးသပ်ရှင်းလင်းပြန်လည်ဖြေကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)