ဟားခါး ဇွန် ၁၄
၂၀၂၆ ခုနှစ် ၊ မိုးရာသီသစ်ပင်စိုက်ပွဲနှင့် ၂၀၂၆ ခုနှစ် ၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၁၃ ရက် နံနက် ၉ နာရီက ဟားခါးမြို့၊ အမှတ် (၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းဝန်း၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်းဆွန်းထန်က သစ်ပင်စိုက်ပျိုးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်က သစ်တောသစ်ပင်များကို ပိုမိုတန်ဖိုးထား ချစ်မြတ်နိုးစွာ စိုက်ပျိုးထိန်းသိမ်းလာစေ ရန်၊ ရာသီဥတု ပြောင်းလဲမှု လျော့နည်းလာစေရေး အထောက်အကူဖြစ်စေရန် ၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်များ ရေရှည်ထိန်းသိမ်းနိုင်စေရန်နှင့် စိမ်းလန်းစိုပြည်သာယာလှပသည့် မြို့ပြသစ်တောများ တည်ထောင်နိုင်ရေး အများပြည်သူများ သစ်ပင်ထိန်းသိမ်းစိုက်ပျိုးပြုစုခြင်းများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်တို့အတွက် စံနမူနာပြ ကျင်းပရခြင်းဖြစ်ကြောင်း၊ သစ်ပင်များသည် လူသား အပါအဝင် သတ္တဝါများ အသက်ရှင်သန်မှုနှင့် လူသားမျိုးနွယ်တည်တံ့မှုတွင် အဓိကနေရာ၌ ရပ်တည် လျက်ရှိကြောင်း၊ သစ်ပင်ဟုဆိုရာတွင်လည်း သဘာဝသစ်တောကြီးများအတွင်းမှ သစ်ပင်များအပြင် မြို့၊ ရွာအတွင်းရှိ သစ်ပင်များ၊ ချုံပင် ၊ နွယ်ပင်မှစ၍ ပုံစံအမျိုးမျိုးဖြင့် ပေါက်ရောက်လျက်ရှိသည့် အပင်အားလုံးကို ဆိုလိုကြောင်း ၊ အဆိုပါ သစ်ပင်၊ သစ်တောများကို မိမိတို့ ဘိုးဘွားများအဆက်ဆက်က ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်းကြောင့် ယနေ့လူသားများ သစ်ပင်များ၏ အကျိုးကျေးဇူးခံစားရခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်သည် သာယာလှပသည့် ရေမြေတောတောင် သဘာဝရှုခင်းများ ပေါများကြွယ်ဝပြီး မျှတအေးမြသည့် ရာသီဥတုအခြေအနေရှိပါကြောင်း၊ ထိုသို့သော ကောင်းမွန်သည့် ပတ်ဝန်းကျင်အနေအထားအရ Nature based Ecotourism ခေါ် သဘာဝအခြေခံခရီးသွားလုပ်ငန်း နှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများရှိနေပါကြောင်း ၊ သို့ဖြစ်ရာ သစ်တော သစ်ပင်များ စိုက်ပျိုး ပြုစုထိန်းသိမ်းခြင်းနှင့်အတူ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်း ၊ ပလတ်စနစ်လျော့ချ သုံးစွဲခြင်း၊ တောမီးရှို့ခြင်းနှင့် အမဲလိုက် တောမီးရှို့ခြင်းကိစ္စများလျော့နည်းစေဖို့ ဒေသခံ ပြည်သူ လူထုအားလုံးက ဝိုင်းဝန်းပါဝင် လိုက်နာလာစေလိုကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က သတ်မှတ်နေရာအသီးသီး၌ သစ်ပင်များ စိုက်ပျိုးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများ၏ သစ်ပင်စိုက်ပျိုးနေမှုကို လည့်လည်ကြည့်ရှုသည်။
ယင်းနောက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် သစ်ပင်စိုက်ပျိုးပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့သို့ ပျိုးပင်များပေးအပ်ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက သတ်မှတ် နေရာအသီးသီး၌ သစ်ပင်များစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများ၏ သစ်ပင် စိုက်ပျိုးနေမှုကို လည့်လည်ကြည့်ရှုအားပေးသည်။
ချင်းပြည်နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ်အတွင်း ဟားခါးမြို့နယ်နှင့် တီးတိန်မြို့နယ်များသို့ ပျိုးပင်မျိုးစုံ (၇၂၀၀၀)ပင် ပျိုးထောင်ထားရှိပြီး ပြည်သူများထံသို့ ဖြန့်ဝေ စိုက်ပျိုးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပွဲတွင် ချယ်ရီပင် ၊ စိန်ပန်းပြာပင် ၊ ရေသင်းဝင်ပင်၊ ငုပင်၊ တောင်ဇလပ်ပင် ၊ ယူကလစ် စသည့် ပျိုးပင် ပေါင်း ( ၅၄၅ ) ပင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဟားခါးမြို့၊ အမှတ် (၂) အခြေခံပညာနှင့် စက်မှုစိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဟားခါးမြို့၊ အမှတ် (၂) အခြေခံပညာနှင့် စက်မှုသက်မွေးအထက်တန်းကျောင်းအုပ်ဆရာကြီးက ကျောင်းအတွက် တင်ပြလို သည့်အချက်များကို တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)