စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကတ်ရောက်

မုံရွာ ဇွန် ၁၄

နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ ဂေဟစနစ်ကောင်းမွန်မျှတစေရေး၊ သဘာဝဘေးအန္တရာယ်များမှတားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတော်မှဦးဆောင်၍ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၆-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား ကို ကျင်းပပြုလုပ်သည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက သစ်ပင်သစ်တောများသည် လူသားများအပါအဝင် ကမ္ဘာပေါ်တွင်ရှိသည့် သက်ရှိသတ္တဝါများအားလုံး၏ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အောက်ဆီဂျင်ကို ထုတ်လုပ်ပေးနိုင်သည့် တစ်ခုတည်းသော ဂေဟစနစ်ဖြစ်သည့်အတွက် အသက်ပံ့ပိုးမှုစနစ် (Life Supporting System) အဖြစ် သတ်မှတ်ထားပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုသည် သစ်တောများပြုန်းတီးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များအားခံစားရလျက်ရှိပါကြောင်း၊ သစ်တောများသည် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပြီး ပြည်သူများအနေဖြင့် သစ်တောဖုံးလွှမ်းမှု ပြန်လည်တိုးတက်ကောင်းမွန်လာစေရေး၊ မိမိတို့ဒေသ၊ မိမိတို့ပတ်ဝန်းကျင်အား စိမ်းလန်းစိုပြည်သာယာလှပစေရေးတို့အတွက် ယခုလိုမိုးရာသီ မြေဆီစိုခိုက်တွင် သစ်ပင်များစိုက်ပျိုးကြရန်နှင့် မိမိတို့စိုက်ပျိုးထားသည့် သစ်ပင်များရှင်သန်အောင်မြင်စေရေးပေါင်းရှင်းခြင်း၊ မြေတောင်မြှောက်ခြင်း၊ မြေသြဇာကျွေးခြင်း၊ ကျွဲနွားဖျက်ဆီးမှုမှကာကွယ်ခြင်း၊ နွေရာသီတွင် မီးကာကွယ်ခြင်းစသည့် ရာသီအလိုက်ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်ဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် သစ်ပင်စိုက်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများမှ သတ်မှတ်နေရာများတွင် ရတနာတန်းဝင်သစ်ပင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်နှင့် အရိပ်ရသစ်ပင် ကံ့ကော်၊ မဟော်ဂနီ၊ ခရေ၊ မယ်ဇယ်၊ ရေတမာ၊ ပန်းမယ်ဇလီ၊ တပေဘူတ သစ်မျိုး(၁၀) စုစုပေါင်းအပင်(၁၅၁၀)ပင်အား စုပေါင်းစိုက်ပျိုးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။     

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် ကျောင်းဝန်းအတွင်းရှိ ကျောင်းဆောင်အဆောက်အဦများ၊ ကျောင်းသား၊ကျောင်းသူအိပ်ဆောင် အဆောက်အဦများ ကြံ့ခိုင်မှုနှင့်ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြေရေးများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ယနေ့တွင် ပထမအကြိမ် ၂၀၂၆-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအား စစ်ကိုင်းခရိုင်၊ မြင်းမူမြို့အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ရတနာတန်းဝင်ပင်များနှင့် အရိပ်ရလေကာပင် စုစုပေါင်း(၅၆၀၀)ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်