မကွေး ဇွန် ၁၄
သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည်နေထိုင်နိုင်ရေး၊ သစ်ပင်သစ်တောများ မပြုန်းတီးစေရေးနှင့် သစ်တော၊သစ်ပင်များ တိုးပွားရှင်သန်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ မိုးရာသီ(ပထမ)အကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇)နာရီခွဲက မကွေးမြို့၊ မကွေးတက္ကသိုလ်ဝန်းအတွင်း ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီး ရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းသား /သူများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက မိမိတို့မကွေးတိုင်းဒေ သကြီးအတွင်း ခရိုင်၊ မြို့နယ်အလိုက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပလျက်ရှိပြီး ဒီကနေ့ သစ်ပင်စိုက်ပျိုးပွဲကတော့ (ပထမ) အကြိမ်မြောက် လူထုလှုပ်ရှားမှုအသွင်နဲ့ သစ်ပင်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစို့”ဆိုသည့် နိုင်ငံတော်၏မူဝါဒနှင့်အညီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ မြေပေါ်သယံဇာတဖြစ်တဲ့ သစ်တောသစ်ပင်များ ပြန်လည်စိုက်ပျိုးထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ကောင်းမွန်စေရေးအတွက် သစ်တောသစ်ပင်များကို ပြည်သူလူထုက ပူးပေါင်းပါဝင်ထိန်းသိမ်းရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မကွေးတက္ကသိုလ် ပါမောက္ခချုပ်၊ တိုင်းဒေသကြီးအမျိုးသမီး ရေးရာအဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့အား ပျိုးပင်များပေးအပ်ကာ အဆိုပါ မိုးရာသီ(ပထမ) အကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပိတောက် ၃ဝဝ ပင်၊တမာ ၃ဝဝ ပင်၊ ရေတမာ ၅ဝ ပင်၊စိန်တံချူ ၅၀ ပင်၊ ဖျောက်ဆိပ် ၁၂ဝ ပင်၊ ကုလားကုက္ကို ၁၀၀ ပင်၊စိန်ပန်း ၃၀ ပင်၊ မယ်ဇယ် ၃ဝ ပင်၊ ခရေ ၁ဝဝ ပင်၊ ဗန်ဒါ ၂၀ ပင်၊ စုစုပေါင်း ၁၁၀၀ ပင်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာ၀န်ရှိသူများက တက်ရောက်လာကြသူများနှင့်အတူ သစ်ပင်စိုက်ပျိုးပွဲတော်တွင် တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြပြီး အဆိုပါဧရိယာအတွင်း သစ်ပင်စိုက်ပျိုးပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ယနေ့ ကျင်းပသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် မကွေးတိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသ ကြီးအဆင့် (၁)ကြိမ် (၁၁ဝဝ) ပင်၊ ခရိုင်အဆင့်(၅)ကြိမ်(၃၅၂ဝ)ပင်၊ မြို့နယ်အဆင့် (၁ဝ) ကြိမ် (၄၄၄ဝ)ပင်၊ စုစုပေါင်းသစ်မျိုး (၂၁)မျိုး၊ သစ်ပင်ပေါင်း (၉,ဝ၆ဝ)ပင်ကို စိုက်ပျိုးသွားမှာဖြစ်ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)